
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၈ရက် နံနက်အဝင် ၁၂နာရီမိနစ်၃၀(၂၇-၁-၂၀၂၅ ည ၁၂နာရီ မိနစ်၃၀) အချိန်တွင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်သွားကြောင်း ဆရာကြီး၏ သမီးက Facebook လူမှုကွန်ရက်စာမျက်နှာတွင် တင်ရာမှ သိရှိကြရသည်။
ဆရာကြီး ဦးခင်အေး (မောင်ခင်မင်(ဓနုဖြူ)အား ၁၉၄၂ခု ဇန်နဝါရီလ ၂ရက်က ဓနုဖြူမြို့နယ် ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့ က ဖွားမြင်သည်။

၁၉၅၄ – ရန်ကုန်မြို့ မြူနီစီပယ် ပညာရေးအဖွဲ့ကစစ်ဆေးသော စတုတ္ထန်းစာမေးပွဲကို ပထမအဆင့်မှ အောင်မြင်။
၁၉၅၇ – သတ္တမတန်းနှင့်အလယ်တန်းပညာသင်ဆု (စကောလားရှစ်)စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်သဖြင့် အလယ်တန်းပညာသင်ဆု(စကောလားရှစ်)ဆုရ။ စာနယ်ဇင်းများတွင် ဆောင်းပါးများစရေး။
၁၉၅၉ – တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်ပြည်လုံး၌ မြန်မာစာအမှတ်အများဆုံးဖြင့် အတန်းတိုင်း၌ ထူးချွန်စွာအောင်မြင်ခဲ့။
၁၉၆၃ – ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(အထွေထွေဂုဏ်ထူး)ရရှိ။ ပုသိမ်ကောလိပ် မြန်မာစာဌာန၌ နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ရာ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ် ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့။
၁၉၆၉ – မဟာဝိဇ္ဇာဘွဲ့(ဂုဏ်ထူး)ရရှိခဲ့။
၁၉၈၇ – စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ပညာရပ်တွင် ပထမဆုရရှိခဲ့။
၁၉၉၇ – ၉၉ – တွဲဖက်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်အစိုးရပညာရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်အရ ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် မြန်မာစာဧည့်ပါမောက္ခအဖြစ် (၂)နှစ် တာဝန်ထမ်းဆောင်ခဲ့။
၂၀၀၂ – အောက်တိုဘာလ(၁၉)ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor Of Letters(Honoris Causa) ကိုချီးမြှင့်အပ်နှင်းခြင်း ခံရ။ နှစ်လေးဆယ်ဘဝမှတ်တိုင်များစာအုပ်ထွက်။ (ယင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု(စာပဒေသာဆု)ရရှိ။
ဆရာမောင်ခင်မင်(ဓနုဖြူ)သည် ဘာသာစာပေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများ၊ စာပေဗိမာန်စာတမ်း ဖတ်ပွဲများတွင် ဘာသာစကားဆိုင်ရာ၊ မြန်မာစကားပြေဆိုင်ရာ စာတမ်းငယ်ဆိုင်ရာ စာတမ်းများကို ရေးသားပြုစု ဖတ်ကြားခဲ့သည်။
ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါမောက္ခအဖြစ်မှ အငြိမ်းစားယူပြီး ဇနီးဒေါ်စုစုနွယ်(တွဲဖက်ပါမောက္ခ-မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) သမီး-သူသူနွယ်အေးတို့နှင့်အတူ နေထိုင်လျှက်ရှိသည်။
ကွယ်လွန်ချိန်အထိ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် လိုအပ်သော သင်ကြားရေးများ၊ ပါရဂူဘွဲ့ဆိုင်ရာများအား သင်ကြားပြသ စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။
ဆရာကြီးအနေဖြင့် မြန်မာစာပေဆိုင်ရာ စာအုပ်ပေါင်းများစွာကို ရေးသားပြုစုခဲ့ပြီး မြန်မာစာပေလောကအတွက် ထင်ရှားကျော်ကြားသည့်ဆရာတစ်ဆူအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ပေးခဲ့သည်။
ကိုးကား