“မန္တလေးတောင်ခြေက အသက်ရှည်ရာ အနာမဲ့ကြောင်း တိုင်းရင်းဆေးတက္ကသိုလ်”

ကိုထိပ်(မန္တလေး)

မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်တဲ့ တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူတစ်ဦးအနေနဲ့ ဒီပညာရပ်ကို သင်ယူနိုင်မယ့် တိုင်းရင်းဆေးတက္ကသိုလ်အကြောင်း ပိုမိုသိရှိလိုတာကြောင့် မန္တလေးတောင်ခြေက တိုင်းရင်းဆေးတက္ကသိုလ်ဆီသို့ လှမ်းခဲ့ပါတယ်။ တက္ကသိုလ်အဝင်မုခ်ဦးက ဖြတ်ဝင်ရင်း တက္ကသိုလ် ဝင်တန်း အောင်မြင်သူတွေ မကြာမီ ဒီမုခ်ဦးဆီကို ရောက်လာကြတော့မှာလို့ တွေးနေမိပါတယ်။ ဒီအချိန်မှာပဲ တိုင်းရင်းဆေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာသိန်းဇော်လင်းကို မြင်တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဆရာကြီးနဲ့ သိလိုတာကို မေးမြန်းခွင့်ရခဲ့ပါတော့တယ်။

ဆရာကြီးခင်ဗျား  ဒီမြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်ကြီး ဘယ်လိုစတင် ပေါ်ပေါက်လာခဲ့တာလဲ ခင်ဗျာ။

ဟုတ်ကဲ့ မင်္ဂလာပါ။ ကျွန်တော်တို့ တက္ကသိုလ်ဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင်နဲ့ အစဉ်အလာတွေးခေါ်မှုတွေနဲ့အတူ အပြိုင်ဖြစ်ထွန်းလာတဲ့ မွန်မြတ်တဲ့ အသက် မွေးဝမ်းကြောင်းပညာကို လေ့ကျင့်သင်ကြားပေးနေတဲ့တက္ကသိုလ်ကြီးပါ။ “အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို” ဆိုတဲ့အတိုင်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ မန္တလေးတောင်ခြေမှာ တည်ရှိပါတယ်။ အမျိုးသားပညာရည်မြင့်မားရေး အထူး (၄) နှစ်စီမံကိန်းအရ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး၊ တစ်နိုင်ငံလုံးမှာ တစ်ကျောင်းတည်းသာရှိတဲ့ တက္ကသိုလ်ကြီးလည်း ဖြစ်ပါတယ်။





တက္ကသိုလ်ကြီးဖွင့်လှစ်ခဲ့တဲ့ ကာလအရ ခုဆိုရင် ၂၄ နှစ်တာ ကာလကို ကျော်ခဲ့ပြီး ငွေရတု ကာလသို့ ရောက်ရှိဖြတ်သန်းတော့မှာဖြစ်ပါတယ်။ ဒီကာလအတွင်း ပေးအပ်ခဲ့တဲ့ဘွဲ့ အမျိုးအစားများနဲ့ မွေးထုတ်ပေးခဲ့တဲ့ တိုင်းရင်းဆေးပညာရှင် အရေအတွက်ကို သိပါရစေ။

ဟုတ်ကဲ့ပါ။ ဒီကာလအတောအတွင်းမှာ ဘွဲ့နှင်းသဘင် ၁၈ ကြိမ်မြောက်ထိ ဘွဲ့များ ပေးအပ်ခဲ့ပြီးပါပြီ။ ပေးအပ်တဲ့ဘွဲ့တွေကတော့ “မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့” “Bachelor of Myanmar Traditional Medicine (BMTM)”  ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့သင်တန်းတွေ ဖွင့်လှစ်နေတာ ၁၄ နှစ် ကျော်ခဲ့ပြီဖြစ်ပါတယ်။ ပေးအပ်တဲ့ ဘွဲ့ကတော့ Master of Myanmar Traditional Medicine (M M T M) ဘွဲ့ဖြစ်ပါတယ်။ အဲ့ဒီသင်တန်းကိုတော့ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ရရှိပြီးသူ ဝန်ထမ်းများသာ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ စာတွေ့/ လက်တွေ့နှင့် ကျမ်းပြု (၂) နှစ် ဖြစ်ပါတယ်။ မွေးထုတ်ပေးခဲ့တဲ့ တိုင်းရင်းဆေးပညာရှင် အရေအတွက်ကတော့ မြန်မာ့တိုင်းရင်းဆေး ပညာဘွဲ့ (BMTM) ရရှိပြီးသူ (၁၈၇၅) ဦးနဲ့  မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ (M M T M) ရရှိသူ (၁၃၃)ဦး မွေးထုတ်ပေးပြီးဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း ပါရဂူဘွဲ့သင်တန်း (Ph.D. (MTM)) တွေ ၂၀၂၅ ပညာသင်နှစ်ကစလို့ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းဆေးပညာနဲ့ ပတ်သက်တဲ့ လေ့လာသင်ယူစရာတွေ အားလုံးကို ဒီတက္ကသိုလ်ကြီးထဲမှာ အစွမ်းကုန် လေ့လာသင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။

မြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်မှာ တက်ရောက်ဖို့အတွက် သတ်မှတ်ထားတဲ့ ဝင်ခွင့် စည်းမျဉ်းတွေက ဘာတွေဖြစ်မလဲခင်ဗျာ။

တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်ပြီး စနစ်တကျ လိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။ လျှောက်ထားသူတွေက ကျား၊ မ မရွေး လျှောက်ထားနိုင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်) ကိုင်ဆောင်ထားသူ ဖြစ်ရပါမယ်။ ပညာအရည်အချင်းအနေနဲ့ ဒွါဒသမတန်း G-12 (STEAMs-1) ဘာသာတွဲ (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဘာသာရပ်များနဲ့ အောင်မြင်ပြီးသူ၊ ကျန်းမာရေးကောင်းသူ ဖြစ်ရပါမယ်။

အခြား စာချုပ်ကတိကဝတ်တွေနဲ့ ပတ်သက်ပြီးလည်း ရှင်းပြပေးပါဦးဗျ။

ဟုတ်ကဲ့၊ ဒါက အလွန်အရေးကြီးပါတယ်။ တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူတွေက သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရပါမယ်။ သင်တန်းပြီးဆုံးရင် နိုင်ငံတော်ရဲ့ တာဝန် ပေးအပ်ချက်အရ (၃)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်မည်လို့ ကတိပြုဝန်ခံချက် စာချုပ် ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ ကတိပြုဝန်ခံချက် စာချုပ်ပါအချက်ကို လိုက်နာရန် ပျက်ကွက်ရင် လျော်ကြေးငွေ ကျပ် (၅,၀၀၀,၀၀၀/-) (ကျပ်သိန်းငါးဆယ်တိတိ) ကို ပေးလျော်ဖို့နဲ့ တည်ဆဲဥပဒေ၊ စည်းမျဉ်းများအရ အရေးယူခြင်း ခံရမှာဖြစ်ပါတယ်။

သင်ကြားရေးစနစ်နဲ့ သင်ရိုးညွှန်းတမ်းတွေကရော ဘယ်လိုမျိုးလဲခင်ဗျာ။ အနောက်တိုင်း ဆေးပညာနဲ့ရော ပေါင်းစပ်သင်ကြားပေးပါသလား။

အင်မတန်ကောင်းတဲ့ မေးခွန်းပါ။ ကျွန်တော်တို့က အတွေ့အကြုံအခြေပြုဆေးပညာ (Experience based medicine) ကနေ သိပ္ပံနည်းကျ အထောက်အထားအခြေပြုဆေးပညာ (Evidence based medicine) ဖြစ်လာစေဖို့ အဓိကထားပါတယ်။ သင်ရိုးညွှန်းတမ်းမှာ တိုင်းရင်းဆေးပညာ ဘာသာရပ်တွေအပြင် ဆေးနဲ့ ဆေးနှီးနွှယ်တက္ကသိုလ်တွေမှာ သင်ရတဲ့ Basic modern medical ဘာသာတွဲတွေအတိုင်း သင်ယူရပါမယ်။ သုတေသနနည်းစနစ်တွေ၊ AI နဲ့ Digitalization ဘာသာရပ်တွေအထိ ခေတ်နဲ့အညီ သင်ကြားပေးပါတယ်။ သင်တန်းကာလကတော့ စာတွေ့/လက်တွေ့ ၄ နှစ်နဲ့ အလုပ်သင် ၁ နှစ်၊ စုစုပေါင်း ၅ နှစ် သင်ယူရမှာဖြစ်ပါတယ်။

လက်တွေ့လေ့လာမှုတွေအတွက် ဘယ်လိုအစီအစဉ်တွေရှိပါသလဲခင်ဗျာ။

ကျွန်တော်တို့ တက္ကသိုလ်ရဲ့ အားသာချက်ကတော့ ကျောင်းဝင်းထဲမှာတင် ခုတင်(၁၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီးနဲ့ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေရှိတာပါ။ ဒါ့အပြင် ပုပ္ပားတောင်နဲ့ တခြားဒေသတွေဆီ ဆေးဖက်ဝင်အပင် လေ့လာရေးခရီးစဉ်တွေ၊ အဆင့်မြင့်ဆေးဝါးစက်ရုံ ဓာတ်ခွဲခန်းတွေဆီ လေ့လာရေးခရီးတွေ ပုံမှန်သွားရောက်စေပါတယ်။

ဘွဲ့ရပြီးရင် ဘာတွေဆက်လုပ်နိုင်မလဲ၊ ပညာဆက်လက်ဆည်းပူးဖို့ကော အခွင့်အရေး ရှိပါသလားခင်ဗျ။

အခွင့်အလမ်းတွေကတော့ အများကြီးပါပဲ။ ကိုယ်ပိုင်တိုင်းရင်းဆေးဝါးတွေ ထုတ်လုပ်နိုင်မယ်။ ကိုယ်ပိုင်ဆေးရုံ/ဆေးခန်းတွေ ဖွင့်နိုင်မယ်၊ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင် နိုင်မယ်၊ တက္ကသိုလ်မှာ သင်ကြားရေးဆရာ/မ၊ သုတေသီအဖြစ် ဆောင်ရွက်နိုင်မယ်၊ ပြီးတော့ ပြည်တွင်း/ပြည်ပမှာ ဘွဲ့လွန်တွေ ဆက်တက်နိုင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ မဟာဘွဲ့ (MMTM) အပြင် ၂၀၂၅ ခုနှစ်ကစပြီး ပါရဂူဘွဲ့ (Ph.D. MTM) သင်တန်းတွေပါ ဖွင့်လှစ်နေပြီဖြစ်လို့ ပညာကို အဆုံးထိ ဆည်းပူးနိုင်ပါတယ်။

တက္ကသိုလ်ရဲ့ လှုပ်ရှားမှုတွေအကြောင်းတွေလည်း သိပါရစေ။

ကျောင်းသား/သူတွေ ဗလငါးတန်ဖွံ့ဖြိုးဖို့ အားကစားပြိုင်ပွဲတွေ၊ ညောင်ရေသွန်းပွဲ၊ ဝါဆိုသင်္ကန်းကပ်ပွဲ၊ ကထိန်ပွဲ၊ ထမနဲပွဲရာသီမှာ စုပေါင်းထမနဲထိုးပြိုင်စေတာ၊ စာပေအနုပညာအသင်းက နံရံကပ် စာစောင်တွေမှာ ကဗျာ/ကာတွန်း/ဝတ္ထု/ ဆောင်းပါး ပြိုင်ပွဲတွေ၊ စကားရည်လုပွဲတွေ ဆောင်ရွက်စေတာ၊ စုပေါင်း သွေးလှူဒါန်းပွဲတွေ၊ သုတေသန စာတမ်းဖတ်ပွဲတွေမှာ တက်ရောက်လေ့လာစေတာတွေ၊ စနေနေ့တွေမှာ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် သင်ကြားရေးအစီအစဉ် (CTME) ဟောပြောပွဲတွေမှာ တက်ရောက် ဆွေးနွေးစေတာတွေ၊ IPE (Inter-professional Education)(အခြားဆေးနဲ့ ဆေးနှီးနွှယ်တက္ကသိုလ်များ များမှ ကျောင်းသား/သူများနဲ့ တစ်ယောက်အကြောင်း တစ်ယောက်ကို သင်ယူခြင်း၊ အတူတူ သင်ယူခြင်း၊ အပြန်အလှန် သင်ယူခြင်းနဲ့ ပူးပေါင်းဖလှယ်ရေးအစီအစဉ်) အပြင် နိုင်ငံတော်ရဲ့ အထိမ်းအမှတ် နေ့ရက်ကြီးတွေမှာ ပူးပေါင်းပါဝင် လုပ်ဆောင်ခြင်း အစရှိတဲ့ လှုတ်ရှားမှုတွေ ရှိပါတယ်။

ယခုလို ရှင်းလင်းစွာ သိလိုသမျှ ဖြေကြားပေးတဲ့အတွက် ဆရာကြီးကို အထူး ကျေးဇူးတင်ပါတယ်။ မကြာမီ ရောက်ရှိလာကြတော့မယ့် ကျောင်းသားလူငယ်တွေအတွက် ကြိုဆို အားပေးစကားလေး ပြောပေးပါဦးခင်ဗျာ။

ကျွန်တော်ရှင်းပြတာတွေအပြင် တက္ကသိုလ်ရဲ့အသေးစိတ်အချက်အလက်တွေကိုတော့ www.utm.edu.mm မှာ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ဟာ ရာသီတိုင်းမှာ ပန်းပေါင်းစုံပွင့်လန်းနေတဲ့ မန္တလေး တောင်ခြေမှာရှိပြီး လက်တွေ့လေ့လာစရာ ပရဆေးဥယျာဉ်တွေလည်း ရှိပါတယ်။ မြန်မာ့ရိုးရာ အမွေအနှစ်ကို ထိန်းသိမ်းမယ့် မျိုးဆက်သစ်လူငယ်တွေကို ကျွန်တော်တို့ တက္ကသိုလ်က လက်ကမ်းကြိုဆို နေပါတယ်လို့ ပြောချင်ပါတယ်ဗျာ။

ကိုထိပ်(မန္တလေး)

Related Posts

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

လက်ရှိ ဖြစ်လာတဲ့ Social Media အနေအထားရ မဖြစ်မနေကို ကြိုတင်ပြင်ဆင်ထားရတော့မှာဖြစ်ပါတယ်။ ဘယ် Social Media Platform ကို ပဲသုံးသုံး မသေချာမရရာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အွန်လိုင်းကတစ်ဆင့် သို့မဟုတ် Social Media ပေါ်မှာမှီခိုပြီး အလုပ်ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းလေးတွေအတွက်တော့ အခုအခြေအနေက အရေးကြီးဆုံး အခြေအနေတစ်ရပ်ဖြစ်လာပါပြီ။ ကိုယ့်ရဲ့ Customer တွေက ဘယ်လို…

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ တစ်ရက်မှာ မိုးတွေရွာနေတုံး ထုံးတောင်-အရှင်ဓမ္မပီယ(မြောင်)ရဲ့သစ်ပင်တောတန်းဘုရား ချီးမွမ်း၏ ဆိုတဲ့ဓမ္မစာစဉ်လေးကို တတိယ အကြိမ်မြောက် ဖတ်ရှုရင်း အတွေးစတွေက စဉ်ဆက်မပြတ် တွေးတောနေမိပါတော့တယ်။ ဆရာတော်က ဘုရားရှင် ပြဋ္ဌာန်းထားတဲ့ ဘူတဂါမ ပါတဗျ သိက္ခာပုဒ် အကြောင်းကို ရှင်းလင်းတင်ပြထားပါတယ်။ ကြီးပွားဆဲ၊ ကြီးပွားပြီးသော သစ်ပင် အ ပေါင်းကို ဖျက်ဆီးခြင်းကြောင့် သင့်ရောက်တဲ့ ပါစိတ်အာပတ်ဖြစ်ကြောင်းကို ရှင်းလင်းပြသထားပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *

You Missed

“မန္တလေးတောင်ခြေက အသက်ရှည်ရာ အနာမဲ့ကြောင်း တိုင်းရင်းဆေးတက္ကသိုလ်”

“မန္တလေးတောင်ခြေက အသက်ရှည်ရာ အနာမဲ့ကြောင်း တိုင်းရင်းဆေးတက္ကသိုလ်”

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zjsdpszw/public_html/yadanabon.net/wp-includes/functions.php on line 5493

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zjsdpszw/public_html/yadanabon.net/wp-includes/functions.php on line 5493