ကျောက်ဆည် ဩဂုတ် ၃
ကျန်းမာရေးဆိုင်ရာ ဇီဝထုတ်ကုန်အတွက် နည်းပညာများ လွဲပြောင်းခြင်း အခမ်းအနားအား ယနေ့ နံနက် ၁၀နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဇီဝနည်းပညာ သုတေသနဦးစီးဌာနတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်း၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ဇီ၀နည်းပညာသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်ခံ) ဒေါက်တာအေးအေးခိုင်၊ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် တာဝန်ခံ ဒေါက်တာခိုင်ဇော်နိုင်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ နှင့် အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်း၊ အသေးစားစက်မှုဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ နည်းပညာလွှဲပြောင်းရယူမည့် ထွန်းရွှေဝါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ဦးထွန်းရွှေ တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ကာ သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေး၊ နည်းပညာဖလှယ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ဆက်လက်အားပေးကူညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊
နည်းပညာလက်ခံရယူမယ့် လုပ်ငန်းရှင်များအနေဖြင့်လည်း လွှဲပြောင်းရရှိတဲ့ နည်းပညာများကို စနစ်တကျ အသုံးချ၍ အရည်အသွေး ပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ကြပြီး ပြည်သူများ၏ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုအတွက် အကျိုးရှိစွာ အသုံးချနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း ပြောကြားသည်။

ထို့နောက် ဇီ၀နည်းပညာသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဒေါက်တာ အေးအေးခိုင်က ဂုဏ်ပြု အမှာစကားပြောကြားသည်။
ယနေ့အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ မြန်မာနိုင်ငံ၏ ဆေးဘက်ဝင်အပင်များနှင့် သဘာဝသယံဇာတအရင်းအမြစ်များအား အခြေခံပြီး သိပ္ပံနည်းကျ သုတေသနပြု ဖော်ထုတ်ထားသည့် သဘာဝ ဖြည့်စွက်စာများ၊ အဆစ်အမြစ်အရောင်ကျ လိမ်းဆေးနှင့် Bamboo Vinegar Scrub Soap အပါအဝင် အရည်အသွေးမြင့် သဘာဝထုတ်ကုန်နည်းပညာ (၅) မျိုးအား ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။
ယင်းနောက် ဇီ၀နည်းပညာသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဒေါက်တာ အေးအေးခိုင်က ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသို့ နည်းပညာများ လွှဲပြောင်းပေးအပ်ကာ အမှတ်တရဓာတ်ပုံများစုပေါင်းရိုက်ကူးပြီး အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ကိုထိပ်(မန္တလေး)





